My Personal Burmese Blog

My Personal Burmese Blog

Skip to: Content | Sidebar | Footer

အေတြးပလံုစီ ၃

14 April, 2015 (14:40) | blog, Personal, Thought | By: စိုင်းလောဝ်ပိန်း

ယနေ့သည် ၂၀၁၅ခုနှစ် ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့ဖြစ်ပါသည်။ သင်္ကြန်တွင် ပါဝင်မဆင်နွဲနိုင်သည်မှာ ၅နှစ်ကျော်သွားလေပြီ။ ဒီနေ့တော့ ရန်ကုန်တွင် ဆင်နွဲနေမည့် သင်္ကြန်ကို စိတ်တွင်မှန်းဆ၍ ငယ်ဘ၀မှ သင်္ကြန်အဖြစ်အပျက်များကို သတိရနေမိပါသည်။

လူမှန်း စသိတတ်သည့်အရွယ်တွင် သင်္ကြန်သည် ကျွန်တော်တို့အဖို့ အတော်ပျော်စရာကောင်းခဲ့ပါသည်။ မိသားစု ထုံးစံပဲလားတော့ မသိပါ၊ သင်္ကြန်တွင်းတွင် ကျွန်တော်တို့သည် အိမ်ကြမ်းပြင်များကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောကြပါသည်။ ကြမ်းပြင်ကို ဆပ်ပြာရေနဲ့ လောင်း အ၀တ် သို့မဟုတ် အုန်းဆံဖတ်နဲ့ တိုက်ကြပါသည်။ တိုက်ပြီးသည့်ကြမ်းပြင်နေရာများကို ရေဗုံးလိုက် ရေများများလောင်း၍ ဆေးကြပါသည်။ အိမ်မှာ ခြေသံရှည် သစ်သား အိမ်ဖြစ်သောကြောင့် ထိုကဲ့သို့ ရေများများသုံး၍ ဆေးကြောရ လွယ်ခြင်းဖြစ်ပါသည်။ ဆေးကြောပြီးလျှင် အိမ်ပေါ်သို့ မည်သည့်မျှ မတက်ရတော့ပါ။ ရေခြောက်အောင် စောင့်ကြရပါသည်။ မဖြစ်မနေ တက်ကြရမည်ဆိုပါလျှင် ခြေထောင်ကို သန့်စင်စွာ ဆေးကြောပြီးမှ တက်ကြပါသည်။ ထိုအခါတွင် ရေစိုနေသော ကြမ်းပြင်ပေါ်တွင် ခြေရာလေးများ ကျန်ခဲ့ပုံမှာ အလွန်သဘောကျစရာကောင်းပါသည်။ ယခုတော့ ထိုစဉ်ကလို ကြမ်းပြင်ကို ရေမဆေးတော့ပါ။ ထိုအလေ့အထ ဘယ်တုန်းက ပျောက်ကွယ်သွားသည်ကိုလည်း အမှတ်တမဲ့မို့ မမှတ်မိတော့ပါ။ အမှန်အတိုင်းပြောရလျှင် ပထမ တစ်နှစ် နှစ်နှစ်လောက်သာ စိတ်ပါဝင်စားခဲ့ပြီး နောက်ပိုင်း ကြမ်းတိုက်ရသည်ကို မပျော်ရွှင်တော့ပါ။ လူပျိုပေါက်ဖြစ်လာ၍ အခြား အပျော်အပါးတွေကို အာရုံရောက်သွားသည်လည်းဖြစ်နိုင်ပါသည်။ အခု အသက်၃၀ကျော်သမားကြီး ပြန်စဉ်းစားကြည့်တော့ ပျော်စရာတော့အကောင်းသားလို့ ထင်မိပါသည်။ ကြုံလျင် လုပ်ကြည့်ချင်ပါသေးသည်။ အိမ်လည်း ခိုင်ခံ၍ မပြိုနိုင်သေးဘူးဆိုလျှင်ပေါ့။

နောက်ထုံးစံတစ်ခုမှာ ဘုရားရေသပ္ပာယ်ခြင်းဖြစ်ပါသည်။ အိမ်ဘုရားစင်တွင်ရှိသော ဘုရားဆင်းထု ကြီးကြီးသေးသေးများကို ပင့်ဆောင်၍ ရေဇလုံကြီးများထဲတွင် ရေမွေးနံသာများထည့်၍ သပ္ပာယ်ဆေးကြောကြပါသည်။ ဘုရားဆင်းထုများမှာ တစ်နှစ်မှ တစ်ခါပဲရေသပ္ပာယ်၍လား မပြောတတ်ပါ၊ ဖုန်များ၊ ကြပ်ခိုးများနှင့် ဖြစ်နေပါတော့သည်။ သေချာဆေးကြောသပ္ပာယ်ပြီးလျှင်တော့ သန့်ရှင်းတောင်းပြောင်သွားပုံမှာ အလွန်ကြည်ညိုဖို့ကောင်းပါသည်။ အိမ်တွင် ရွှေ၊ ကြေး၊ ကျောက်ဆင်းထုများ အတော်များများပူဇော်ထားသော်ကြောင့် ရေသပ္ပာယ်ရာတွင် အချိန်ပေးလုပ်ဆောင်ရပါသည်။ ဘုရားဆင်းထုများသာမက ဘုရားကျောင်းဆောင်များကိုပါဆေးကြောကြပါသည်။ ကျွန်တော်တို့ ရှမ်းများမှာ သင်္ကြန်ကာလာအတွင်း အိမ်မှဘုရားဆင်းထုများကို ရေသပ္ပာယ်ရုံသာမက ဘုန်းကြီးကျောင်း ဘုရားကျောင်းများတွင် ပူဇော်ထားသော ဘုရားဆင်းထုများ စေတီများကိုလည်း ရေသပ္ပာယ်ကြပါသေးသည်။ မနက်စောစောထ၍ ဘုန်းကြီးကျောင်းတွင်းရှိ ဘုရားကျောင်းဆောင်တွင် လုစု၍ သီလယူအမျှဝေပြီးသည်နှင့် ရေဗုံးကြီးငယ် အသွယ်သွယ်နှင့် ဘုရားဆင်းထုများကို တစ်ဆူ မကျန် ရေသပ္ပာယ်ကြပါတော့သည်။ ထို့နောက် မိမိတို့ တည်ထားကိုးကွယ်လှူဒန်းခဲ့ကြသော စေတီတော်များသို့သွား၍လည်း ရေသပ္ပာယ်ကြပါသည်။ ဤထုံးစံမှာ နှစ်စဉ်မပျက် ယနေ့တိုင်ရှိနေပါသေးသည်။ ထိုသို့ ဘုရာျးေကျာင်းမှ ပြန်လာပြီးသည်နှင့် တစ်နေကုန်အားလေပြီ။ လုပ်ချင်တာလုပ်ဖို့အချိန်ပင်ဖြစ်ပါသည်။

သင်္ကြန်ထွက်မလည်ဖြစ်သည့်နှစ်များတွင် ရုပ်ရှင်ဗီဒီယိုခွေများကို အပုံလိုက်ငှား၍ တစ်နေကုန်ထိုင်ကြည့်ဖူးပါသည်။ ဤအကျင့်မှာ အဖေ့ထံမှ လက်ခံရရှိသည့် အကျင့်များထဲမှ တစ်ခုဖြစ်ပါသည်။ အင်္ကြန်မတိုင်ခင် အဖေသည် သူ့သူငယ်ချင်းအခွေငှားဆိုင်မှ ခွေများကို သွားငှားလာတတ်ပါသည်။ အခွေဆိုင်များမှလည်း ဤသို့သင်္ကြန်ကာလအတွင်းငှားရမ်းမှုများကို လျှော့ဈေးပေးကြပါသည်။ ညနေပိုင်းပျင်းလာလျှင် အစ်ကိုဝမ်းကွဲများကို ပူဆာ၍ ခြံရှေ့ထွက်၍ ရေပက်ခံကားများကို ငေးပါသည်။ တစ်ခါတစ်လေ ရေပက်ကြပါသည်။ အစ်မများ ဦးလေးများပါ ပါလာလျှင် အတော်ပွဲစည်၍ ပျော်ဖို့ကောင်းပါသည်။ အုန်းလက်မပါ ဘာမပါ ရေတိုင်ကီတစ်လုံးနှင့်လည်း အလုပ်ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်ရံ ညခြောက်နာရီကျော်ကျော် အိမ်ပြန်ဖို့ သိမ်းလာသော သင်္ကြန်ကားများကို တား၍ ရေခဲရေနှင့် ပက်ကြပါသည်။ ဦးလေးတစ်ယောက်မှာ ဇကောကြီးတစ်ချပ်နှင့် ယပ်ခပ်ပေးလျှင် ကားပေါ်မှ အပက်ခံသူများ အော်ကြပုံ ဖြစ်ကြပုံ ကို အခုထိ မှတ်မိနေပါသေးသည်။ သန့်စင်သည့် ပျော်စရာ ကာလများဖြစ်ပါသည်။

၁၀တန်းအောင် တက္ကသိုလ် တက်စ အချိန်တွင်တော့ သင်္ကြန်မှာ “ပျော်တော့ ပျော်ပါသည်၊ သို့သော်” ဖြစ်လာပါသည်။ အရက်မူးအောင်သောက်ပါသည်။ ခေါင်းမထောင်နိုင်အောင် အန်ပါသည်။ ကားပေါ်မှ ပြုတ်ကျမလိုဖြစ်ပါသည်။ ခြေထောက်ကို လူပိနေသောကြောင့်သာ ပြုတ်မကျြခင်းဖြစ်ပါသည်။ နှစ်တိုင်းမူးပါသည်။ နှစ်တိုင်း အန်ပါသည်။ လမ်းလျှောက်လည်သည်။ ကားနှင့် လည်သည်။ ဆေးကျောင်းသားများနှင့် လည်သည်။ အင်ဂျင်နီယာ လျောင်းလျှာများနှင့်လည်သည်။ ကွန်ပျူတာသမားများနှင့်လည်သည်။ အကျီင်္ချွတ်၍ ဗလပြလည်ခဲ့သည်။ မဏ္ဍပ်အောက်တွင် အကလွန်၍ ဘောင်းဘီဂွကြားပြဲသွားသော သူငယ်ချင်းတစ်ယောက်လည်း ရှိခဲ့ပါသည်။ တစ်ခါတော့ ဘွတ်ဖိနပ်ပထမဆုံးဝယ်၍ သင်္ကြန် လည်ဖို့ ပြင်ဆင်ပါသည်။ မလည်ခင် ရေခဲတုံးဝင်ဝယ်တော့ ကူမပါသည်။ ဘွတ်ဖိနပ်မှာ ရေစို၍ အားနှင့်အင်နှင့် ရေခဲတုံးမသည်တွင် အနှောင့်ကျွတ်၍ ကျန်ပါတော့သည်။ ထိုနှစ်သင်္ကြန်ကို ညပ်ဖိနပ်နှင့်လည်ခဲ့ပါသည်။ သင်္ကြန်သည် နောက်တော့ ပျော်စရာ မကောင်းတော့ပါ။ မပျော်တတ်တော့ပါ။ ဆားပေါ့သွားပါသည်။ ဘာလိုသွားမှန်းမသိတော့ပါ။

အခုတော့ အဝေးရောက်သင်္ကြန် ငါးနှစ်တိုင်ပါပြီ။ ပထမဆုံး အဝေးရောက်သင်္ကြန်ကို အင်တာနက်ပေါ်တွင် ဆင်နွဲခဲ့ပါသည်။ ထိုနှစ်က ဗုံးပေါက်ပါသည်။ ယခင်နှစ်ကတော့ သင်္ကြန်သည် အေးအေးချမ်းချမ်းနဲ့ ပြန်စည်သည်ဟု မြင်ခဲ့ ကြားခဲ့ရပါသည်။ အဖော်အချွတ်သတင်းတွေလည်း အပြိုင်အဆိုင်ပင်။ ဒီနှစ်လည်း လူမူ့ကွန်ပက်ပေါ်မှ ဓာတ်ပုံများအရ စည်မည်ဟု ထင်ပါသည်။ အေးချမ်းသာယာစွာ စည်ကား၍ အသေအပျောက်နှင့် အမှုအခင်းနည်းလျှင် အတိုင်းထက်အလွန် ၀မ်းသာမိမည် ဖြစ်ပါသည်။

14-04-2015(2:41PM)


အတွေး ပလုံစီ (၂)

17 February, 2015 (14:56) | Personal, Thought | By: စိုင်းလောဝ်ပိန်း

ယနေ့ သူငယ်ချင်းတစ်ယောက်ရေးထားသည့် ဖေ့ဘုတ်မှ စတေးတပ်လေးတစ်ခု ဖတ်လိုက်ရသည်။ သူ့ဆိုလိုရင်း အကျဉ်းချုပ်မှာ အခုနောက်ပိုင်း စာအုပ်ဖတ်ရမယ့်အစား ဖုန်းကိုသာ ကြည့်နေမိကြောင်း။ ဖေ့ဘုတ်ပေါ်လာပြီးနောက် ဖေ့ဘုတ်ပေါ်မှ စာများသာအဖတ်များလာကြောင်းနဲ့ ထိုသို့ဖတ်ခြင်းဖြင့် အသိဥာဏ် တိုးလာသလား၊ အသိဥာဏ် ရှုပ်ထွေးသွားသလား၊ ၊ မဆုံးဖြတ်နိုင်ဖြစ်နေရကြောင်း စသဖြင့်ဖြစ်ပါသည်။

သူ့စတေးတပ်ကို ဖတ်ပြီးနောက် ကျွန်တော် အတော်ကြာကြာစဉ်းစားနေမိသည်မှာ အသိဥာဏ် တိုးသလား ရှုပ်သလား ဆိုသည့် မေးခွန်းကိုပဲဖြစ်သည်။ ကျွန်တော် တစ်ယောက်တည်း အမြင်အရ စောစီးစွာ ကောက်ချက်ချရပါလျင် ဖေ့ဘုတ်ပေါ်မှ စာများ စတေးတပ်များသည် အသိဥာဏ်ကို ပို၍ ရှုပ်ထွေးစေပါသည်ဟု ကောက်ချက်ချဖြစ်မည်။ သို့သော် ထိုကောက်ချက်သည် ကျွန်တော့်အမြင်သာဖြစ်ပြီး ဒုတိယအကြိမ်ပြန်စဉ်းစားမိချိန်တွင် သိပ်မသေချာတော့ပါ။ နောက်တစ်ကြိမ်ထပ်စဉ်းစားချိန်တွင်တော့ ကျွန်တော့်သူငယ်ချင်းကဲ့သို့ မဆုံးဖြတ်နိုင်ဖြစ်ရပါတော့သည်။

ဖေ့ဘုတ်ပေါ်တွင် ပရိတ်သတ်ပေါင်းများစွာအတွက် အကြောင်းအရာပေါင်းများစွာကို ဗဟုသုတအနေဖြင့် ရေးသားနေသူများစွာရှိပါသည်။ တစ်ချို့လည်း အလွန်ကောင်းပါသည်။ တစ်ချို့လည်း အလွန် လျှော်ပါသည်။ ဤကိစ္စမှာ စာဖတ်သူရဲ့ ရွေးချယ်မှုက အဓိကဖြစ်သွားပါသည်။ သို့သော် စာဖတ်သူတိုင်း အမှားအမှန်ခွဲတတ်သူများ မဟုတ်ပါ။ “ဤစာကို နောင် (၇) ရက်အတွင်း လူ (၁၀)ယောက်ထံ ပို့ပါ၊ မပို့ပါက ဘာဖြစ်မည် ညာဖြစ်မည်၊” စသည့်စာများကို ယုံယုံကြည်ကြည် ပို့နေသူများစွာ ရှိနေပါသေးသည်။ Internet Hoaxes တွေ၊ Myths တွေ ကို ယုံယုံကြည်ကြည် Share နေသူများလည်း ထုနှင့်ဒေးနှင့်ရှိနေပါသေးသည်။ စာရေးသားနေသူများတွင် တကယ့်စေတနာနှင့် ဗဟုသုတရစေလို့ဌာ ရေးနေသူများရှိသလို လူများကို ဆရာလုပ်လို၍ ရေးနေသူများလည်း ရှိပါသည်။ ဝါဒရေးရာ ဖြန့်ချီသူများရှိသလို သွေးထိုးလှုံဆော်နေသူများလည်း အများအပြားရှိပါသည်။ ဒါဆို ကျွန်တော်တို့ ဘာကို ယုံကြည်ရမလဲ။ ရေးသားဖြန့်ဝေနေသူများအနေနှင့် မိမိရေးသားဖြန့်ဝေသည့်အကြောင်းအရာများ၏ မှန်ကန်တိကျမှုကို မိမိကိုယ်တိုင် တာဝန်ယူနိုင်ဖို့လိုပါသည်။ သို့သော် လူမှုကွန်ယက်ဖြစ်သောကြောင့် လူအများကို ဘာတွေ ရေးရမည်၊ ဘာတွေ Share ရမည်ဟု ကန့်သတ်ခွင့်မရှိပါ။ ထို့ကြောင့် ကိုယ်မဖတ်ချင်တာများကို ကျော်ဖတ်သွားရုံမှတပါး အခြားမရှိတော့ပါ။ အချက်အလက်တစ်ချို့ကို သံသယ ရှိပါက ယုံသင့်မယုံသင့် လေ့လာစူးစမ်းပြီးမှ ဆုံးဖြတ်ရတော့သည်။ ထိုသို့ လေ့လာမှုတွေကြောင့် ဗဟုသုတ တိုးပွားနိုင်သည်ဟုဆိုနိုင်သော်လည်း ဤသည်မှာ ယခုကိစ္စနှင့်မဆိုင်ပဲ အခြားသောကိစ္မများနှင့်သာ သက်ဆိုင်ပါသည်။

ကျွန်တော်သည် နိုင်ငံရေး မကျွမ်းကျင်ပါ။ ကျွန်တော့်ဗဟုသုတလည်း သိပ်မကျယ်သော အကန့်အသတ်နှင့် ဖြစ်ပါသည်။ ထို့ကြောင့် ဖေ့ဘုတ်ပေါ်မှ တစ်ချို့ကိစ္စများသည် ကျွန်တော်အတွက် အလွန်စိတ်ရှုပ်စရာကောင်းလောက်အောင် ဖြစ်ရပါသည်။ တစ်ခါက ဆိုလျှင် ကျွန်တော့်ဖုန်းပေါ်မှ ဖေ့ဘုတ် application ကို ဖျက်ပစ်မိသည်အထိ စိတ်ရှုပ်ခဲ့ရဖူးပါသည်။ (ဆက်စပ်၍ ကြုံတုံး ပြောရလျှင် ထိုဖျက်ပစ်မိသည့်နေ့က အချိန်အား တော်တော်လေး ရလိုက်ပါသည်။ ဘာမှ လုပ်စရာမရှိသဖြင့် ပျင်းသည့်ဘက်တောင် ယိုင်သွားရပါသည်။) ကျွန်တော်တို့ နိုင်ငံတွင် ကိစ္စတစ်ခု ဖြစ်ပြီဆိုလျှင် ဖေ့ဘုတ်ပေါ်တွင် နှစ်ဖွဲ့ကွဲလေပြီဆိုတာ ပြေးကြည့်စရာမလိုပါ။ တစ်ဖတ်နှင့်တစ်ဖတ် စောင်းမြောင်းရေးသား ဆဲဆိုကြမည်။ Hate speech တွေ တက်လာမည်။ သွေးထိုးသူများက ယုံလွယ်သူများကို ခုတုံးလုပ်ကြတော့မည်။ ထိုဖြစ်စဉ်များမှာ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်၊ အခြားနိုင်ငံများတွင်လည်း ရှိမည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော် ကျွန်တော်တို့ နိုင်ငံတွင်မှ ဘာကြောင့် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေရပါသနည်း။ ဒီမေးခွန်း၏အဖြေမှာ ကျွန်တော် အသိဥာဏ်၏ အလွန်တွင် ရှိနေပါသည်။ ရှာကြံ၍ အကောင်းဘက်ကို ကြည့်မည်ဆိုပါက ကိစ္စတစ်ခုအတွက် မတူညီသည့်အမြင်များကို တောင့်ပေါင်းစုံမှ အတွေးပေါင်းစုံနှင့် တွေ့ရမည်ဖြစ်ပါသည်။ သို့သော် ထိုအတွေးပေါင်းစုံကို လေ့လာစူစမ်းရန်မှာလည်း ကျွန်တော့် အသိဥာဏ်၏ အလွန်တွင် ဖြစ်နေပါသည်။ ကျွန်တော်ကို အဖြေမရှိသော မေးခွန်းပေါင်းများစွာဖြင့် ဖေ့ဘုတ်ဆိုသော လူမှုကွန်ယက်က ရစ်ပတ်ထားပါတော့သည်။

အချုပ်ဆိုရလျှင် ကျွန်တော့် အမြင်အရ ဖေ့ဘုတ်ကဲ့သို့ လူမှုကွန်ယက်များသည် အသိဥာဏ် တိုးတက်စေသည်မှာ နည်းနည်း၊ အသိဥာဏ် ရှုပ်ထွေးသွားစေသည်မှာ များများဟု ထင်မိပါသည်။ လူမှုကွန်ယက်များသည် မိသားစု သူငယ်ချင်း နှင့် အခြားနီးစပ်သူအတိုင်းအဝိုင်းများကြားမှ လူမှုရေး ကိစ္စများအတွက်သာ အဓိကထား သုံးသင့်သည်၊ သတင်းနှင့် ဗဟုသုတတို့ကိုတော့ တိကျသော တာဝန်ယူနိုင်သော သတင်းအရင်းအမြစ်များ၊ သတင်းဌာနများမှ ရှာဖွေယူသင့်သည် ဟု ထင်မိပါတော့သည်။

17-02-2015 (02:45PM)


အတွေး ပလုံစီ

9 February, 2015 (18:47) | Personal, Thought | By: စိုင်းလောဝ်ပိန်း

ကျွန်တော် ငယ်ငယ်က မိုးတွင်းကို လုံးဝ မကြိုက်ခဲ့ပါ။ မိုးရွာလျင် စိုစိုစွတ်စွတ်နဲ့ သွားရလာရ သိပ်ခက်တယ်ဟု ထင်ခဲ့မိပါသည်။ တကယ်လည်း မိုးရွာလျှင် သွားရလာရ ခက်ရုံမက ကျွန်တော်တို့ အိမ်မှာ အိမ်အိုကြီးဖြစ်သည့်အလျှောက် မိုးယိုပါသည်။ မိုးပက်ပါသည်။ ဒီတော့ မိုးရွာလျှင် အေးဆေးမနေရပါ။ မိုးယိုသည့်နေရာမှာ ရေပုံ ရေဇလား ပြေးခံရပါသည်။ မိုးရွာလျှင် ထုံးစံအတိုင်း မီးပျက်လေ့ရှိပါသည်။ ဒီတော့ အမှောင်ထဲမှာ ထိုင်နေရလေ့ရှိပါသည်။ အိမ်ခေါင်သွပ်မိုးပေါ်သို့ မိုးပေါက်ကျသံများမှာ လိုအပ်သည်ထက် ပို၍ ကျယ်လောင်သည်ဟု ထင်ခဲ့မိပါသည်။

ဒီလို မိုးရာသီကို ကျွန်တော် မုန်းတတ်ခဲ့ပါသည်။ လူများတွေ ကောင်းလှပါချည်ရဲ့ဆိုသည့် မိုးရာသီဘွဲ့သီချင်းများကိုလည်း နားမ၀င်ခဲ့ပါ။

တစ်ဆယ်ခုနှစ်တစ်စုစာ နီးပါး ကုန်လွန်ခဲ့လေပြီ။

ဒီနေ့တော့ ပျင်းပျင်းရှိ စာအုပ်တွေ လှန်ရင်း နောင်အားလျှင်ဖတ်ရန် လျှာထားသော ဆရာမ မိုးမိုး(အင်းလျား)၏ မြူမှောင်ဝေကင်း အစ ၂မျက်နှာလောက်ကို ဖတ်ကြည့်လိုက်မိပါသည်။ ချက်ချင်းဆိုသလို လွန်ခဲ့သော ၁၀နှစ်နှီးပါးက မိုးရွာနေစဉ် အိမ်အိုကြီး၏ အမှောင်ထဲတွင် ထိုင်၍ မိုးစက်ကျသံများ နားထောင်နေမိသည်ကို ပြင်းပြင်းထန်ထန် ပြန်သတိရမိပါသည်။ ထို့နောက် ရင်ဘတ်အစုံသည် ငယ်ဘ၀က မိုးနှင့် ပတ်သတ်၍ သတိရစရာများကို လှုတ်လှုတ်ခတ်ခတ် ခံစားနေမိပါတော့သည်။

အခုတော့ မိုးရွာနေစဉ် အမှောင်ထဲမှာ ဘာမှမလုပ်ဘဲ ထိုင်၍ မိုးပေါက်ကျသံများကို နားထောင်နေရသည်မှာ အရသာ ရှိလှသည်ဟု ထင်နေမိပါသည်။ တစ်ဆက်တည်း ကျွန်တော် သုံးတန်း လေးတန်း အရွယ် လောက်က မိုးရွာသော တစ်ညနေခင်းတွင် ခြံထဲ မိုးရေ ဆင်းချိုးခဲ့တာကိုလည်း သတိရမိပါသည်။ မိုးရေချိုးပြီး အိမ်ပေါ်ပြေးတတ်လာတော့ အမေက ဆီးကြိုပြီး ရေစင်အောင် သုတ်ပေးခဲ့တာကို အမှတ်ရပြီး ကြည်နူးနေမိပါသည်။ ကျွန်တော်မှာ ငယ်စဉ်က ချူချာလွန်း၍ မိုးရေထဲ ဆင်းဆော့ကစားလေ့ မရှိပါ။ ထိုစဉ်က ကိုင်ဇာ၏ မိုးသီချင်း ကက်ဆက်ခွေကို ဖွင့်ထားသည်ကိုလည်း မှတ်မိနေပါသည်။ အခုချိန် ပြန်နားထောင်ရလျှင် အလွန်နားထောင်ကောင်းမည့် သီချင်းများဖြစ်မည်ဟုလည်း ထင်နေမိပါတော့သည်။

ထိုအတွေးများသည် စက္ကန့်ပိုင်းအတွင်း ကျွန်တော့်ခေါင်းထဲတွင် ပလုံစီ၍ ပေါ်လာပါသည်။ ဒီလိုဆို မိုးရာသီကို ကျွန်တော် မမုန်းတော့ဘူးလား ဟု ကျွန်တော့်ကို ကျွန်တော် ပြန်မေးကြည့်မိပါသည်။ သိပ်တော့မသေချာပါဟု အဖြေရပါသည်။ အခုအခါ မိုးရာသီကို ကျွန်တော် မချစ်တောင်မှ မမုန်းတော့ပါ။ အမှန်တော့ ရာသီဥတုတိုင်းတွင် သူ့အမှတ်ရစရာနှင့်သူ အပြည့်ရှိနေသည် မဟုတ်ပါလား။

၀၉-၀၂-၂၀၁၅ (၆း၃၉ ညနေ)


အပြေးသမားတစ်ယောက်

13 August, 2014 (21:18) | Poems, Thought | By: စိုင်းလောဝ်ပိန်း

အပြေးသမားတစ်ယောက်
ပြေးတယ်
ဘာကို
ပြေးနေသလဲ
ဘာအတွက်ပြေးနေသလဲ
မသိဘူး ဝေးလေ ပြေးလေ
ရှေ့ငါးပေအကွာဟာ သူ့ရဲ့ လက်ရှိ ပန်းတိုင်ပဲ ခြေထောက်တွေက
စက်ပစ္စည်းတစ်ခုသာ ခေါင်းထဲမှာ
ဘာမှမတွေး တွေးချင်ရာတွေး ပြီး
မမှတ်မိတော
ဇောနဲ့ချုပ်နှောင် ဆားတွေအငွေ့ပြန်ပြေး
အသက်ရှူသံမမှန် အသက်ရှူသံမှန်မှ
ဖြစ်မယ် နောက်ဆိုအမောဆို့ဖို့ပဲ ပြေးနေဆဲ ပြေးနေမြဲ
လမ်းကြောင်းရှိသရွှေ့ပြေးပေး လက်ခုတ်သံတွေ
မကြားတကြား မလိုသလို
နားထဲက သီချင်းသံတွေ ကတ္တရာလမ်းပေါ် လျှမ်ကြခဲ့
ကျွမ်းထိုးမှောက်ခုန် ပြီးတော့ ပန်းတိုင်တွေ
မလိုချင်တော့ဘူး ပန်းတိုင်ကို မျှော် ဘ၀ဆိုတာ
လုံးနေသ၍ ပတ်ချာချာလည်ပြေး နွားကြီး
တိုင်ပတ်သလို ပြေး ကိုယ်ဘာသာ
ညှဉ်းဆဲမှုဟာ ကိုယ်ကိုယ်တိုင်ရွေးချယ်မှု ဟုတ်မဟုတ်
ပြေးနေဆဲ ပြေးနေမြဲ ရှိသမျှသွေးကြောတွေ
ခုန်ပေါက် လက်ကျန်အသက်ဓာတ်နဲ့ အပြေးသမားတစ်ယောက်
ပြေးတယ် ဘာကို ပြေးသလဲ ဘာအတွက်လဲ မသိတော့

ဂျွန် ၆၊ ၂၀၁၄ ၃နာရီ၄၃မိနစ် ညနေ


အလွမ်းဟာ တောင်တန်းတွေကို ကျော်ပြီး အိမ်ပြန်ရောက်သွားတယ်

27 March, 2014 (15:52) | Poems | By: စိုင်းလောဝ်ပိန်း

တကယ်ဆို ငါကိုယ်တိုင်က မျှော်ဆန့်ငေး နေရုံ မြို့ကလေးပါ
အမှောင်တွေထဲကို တိုးဝင် ဝပ်ထွားလို့ ရိုကျိုး
အလင်းရဲ့အစွန်အဖျား အနားသတ်လေးမှာ ကျွမ်းလောင်ဆဲ ကျေးလက်လေးဆီသို့
အလွမ်းနဲ့ နာရီတွေ ဦးတည်လိုက်မိပါရဲ့
တရွတ်တိုက် နှစ်မြုပ်ခဲ့တဲ့ ဘဝလေးတစ်ခု စီးဆင်းဖို့

အဆင်မပြေမှုတွေထဲ လက်လျှို ထားခဲ့တာ ကြာပြီပေါ့
ဂျိုကာ ဘယ်နှစ်ကောင် ရရ မနိုင်နိုင်တဲ့ ကစားဝိုင်းပါပဲ
သေမင်းရဲ့ အံစာဟာ ၇ မျက်နှာရှိသတဲ့ **
စိတ်ရှိတိုင်း လွှတ်ချ
ကမ္ဘာမြေမှာ အဝါရောင်တွေ ပါးလျှခဲ့ပြီ

ဒီလိုနဲ့
ညအမှောင်က ငါ့ပြတင်းပေါက်လေးကို ခပ်ဝေးဝေး ရွှေ့ပစ်
ဆောင်းအိပ်မက်ဟာ ဆောင်းနဲ့ နွေဦးကြား စက်ဘီးလေးနဲ့ တစ်ရွေ့ရွေ့သွား
မျှော်လင့်ချက်တွေ အမြီးတန်း ဆန့်ငေး

ဆော်လမွန်ငါးတို့ငဲ့
ပြန်စရာမြစ်ချောင်းတွေလည်း ကော ခဲ့ပြီကော

၁၂-ဖေဖော်ဝါရီလ-၂၀၁၄ ညနေ ၃:၃၅မိနစ်
(**from The Book Thief by Markus Zusak)


ကြောင်

21 January, 2014 (14:39) | Uncategorized | By: စိုင်းလောဝ်ပိန်း

2013 review

28 December, 2013 (18:22) | Personal, Reading | By: စိုင်းလောဝ်ပိန်း

၂၀၁၃ ကုန်တော့မယ်ဆိုတော့ ဒီနှစ်မှာ ဘာတွေ လုပ်ခဲ့ အောင်မြင်ခဲ့လဲ ဆိုတာ ပြန်စိတ်ကူးကြည့်ချင်စိတ်တွေ ကျွန်တော် စိတ်ထဲ ထူးထူးခြားခြားဖြစ်လာတယ်။ အရင်တွေတုန်းကတော့ ဒီလိုမစဉ်းစားမိခဲ့ဖူးလေ။ တကယ်တမ်း ပြန်စဉ်းစားကြည့်လိုက်တော့ ၂၀၁၃ နှစ်က ဝိုးတိုးဝါးတားရယ်ပါ။ အသက် ၃၀ မှာ တစ်နှစ်အတွင်းလုပ်ခဲ့သမျှကို ဝိုးတဝါးဖြစ်နေတယ်ဆိုတော့ ကိုယ့်ကိုကိုယ် အားမရတာတော့ အမှန်ပါပဲ။ ငါဦးနှောက်တွေ အားနည်းနေပြီလားပေါ့။ မဟုတ်သေးပါဘူးပေါ့နော်။

နှစ်စပိုင်းမှာတော့ မင်္ဂလာဆောင်မယ့် ကိစ္စတွေနဲ့ ရှုပ်နေခဲ့တာပါ။ ဧပြီလ ၇ ရက်နေ့မှာ ရန်ကုန်ပြန်ပြီး မင်္ဂလာဆောင်ပါတယ်။ ဟန်းနီးမွန်း ငွေဆောင် သွားပါတယ်။ မိသားစုအများကြီးပါတဲ့ ခရီးစဉ်ပါပဲ။ နောက်ထပ် ရန်ကုန်ကို နိုဝင်ဘာလထဲမှာ ၉ – ၁၃ ပြန်လိုက်သေးတယ်။ ကျွန်တော့် ဇနီးရဲ့ အစ်မ မင်္ဂလာဆောင်မို့ပါ။

၂၀၁၃ မှာ သီချင်းအသစ်တွေ နားထောင်တာ၊ ကြိုက်တာ နည်းသွားတယ်။ နားထောင်မိသမျှ အဟောင်းထဲမှာပဲ တဝဲဝဲလည်ပေါ့။ ကဗျာ နည်းနည်း ပြန်ရေးဖြစ်တယ်။ ဂျွန်၊ ဂျူလိုင် နဲ့ သ​ြဂုတ်လတွေ မှာ အရေးများတယ်။ နောက်ပိုင်း အရေး ပြန်ကျဲသွားတာပဲ။ Blogလည်း ခပ်ကျဲကျဲ ပြန်ရေးဖြစ်တယ်။ အင်္ဂလိပ်ဘလော့ကတော့ နည်းပညာနဲ့ အလုပ်ပိုင်းဆိုင်ရာတွေပဲ အရေးများတယ်။ ဒီ ဘယ်သူမှ မဖတ်တဲ့ ဗမာဘလော့ မှာတော့ ကဗျာနဲနဲရေးဖြစ်တယ်။ ဘလော့တွေကိုတော့ တစ်လကို ငါးဒေါ်လာပေးရတဲ့ hosting ကိုပြောင်းလိုက်ပြီ။ ဒီနှစ်အတွင်း ၂နေရာလောက်ပြောင်းဖြစ်တယ်။ အခုhosting ကတော့ အဆင်ပြေလောက်ပြီ ထင်ပါရဲ့။

ဓာတ်ပုံနဲ့ ပတ်သတ်လို့ အမှတ်တရအချို့ရှိတယ်။ ဘယ်တုန်းကမှ ဓာတ်ပုံရိုက်တာ ဝါသနာ ပါလိမ့်မယ်လို့ ကိုယ့်ကိုကိုယ် မထင်ခဲ့။ မင်္ဂလာဆောင်ခါနီးတော့ GoPro ကို ကြေငြာမှာတွေ့တယ်။ ကြိုက်တယ်။ စမ်းကြည့်ချင်တယ်။ ချက်ချင်းပဲ ဝယ်ဖြစ်တယ်။ ငွေဆောင်သွားရင် ရေအောက်မှာ စမ်းရိုက်မယ့် အကြံနဲ့။ ငွေဆောင်မှာ လှိုင်းပုတ်လို့ ပင်လယ်ထဲ ကျပျောက်ပါတယ်။ စင်ကာပူပြန်ရောက်တော့ ဇနီးက Canon EOS M လက်ဆောင် ပြန်ဝယ်ပေးပါတယ်။ ဝယ်ဖို့အစီအစဉ် မရှိဘဲ ကုန်တိုက်ထဲ လျှောက်ကြည့်ရင် ကင်မရာတန်းဘက်ရောက်တုန်း ခဏဝင်က​ြည့်ရင်း ဝယ်ဖြစ်သွားတာပါ။ နောက်တစ်လ နှစ်လလောက်ကြာတော့ M ဈေးက ထိုးကျတော့တာပါပဲ။ Flicker မှာ 1 terabyte အလကားပေးတယ်ဆိုလို့ အဲမှာ ဓာတ်ပုံတွေ တင်ဖြစ်ပါတယ်။ အညံ့စားတွေပေါ့ဗျာ။

အလုပ်နဲ့ ပါတ်သတ်ပြီးတော့ ရာထူးတက်တယ်။ လခတိုးတယ်။ လက်ရှိ Product ကို function အသစ်တွေ နဲ့ bug fixed တွေ ရေးပေးဖြစ်တယ်။ အဓိက လုပ်ဖြစ်တာတော့ iPad apps တွေပဲ။ အရင်က ordering system ကိုပဲ versions တွေ အများကြီးထပ်တိုးတယ်။ Features အသစ်တွေ Bug Fixed တွေပေါ့။ နောက် Self Service အတွက်အသစ်ရေးဖြစ်တယ်။ ပထမversion က Interface က မလှလို့ နောက်ထပ် အများကြီးအားထုတ်လိုက်ရတယ်။ အခုတော့ version 7 တောင်ရောက်နေပြီး ဆိုင် ၂ ဆိုင်မှာ သုံးနေပြီ။ Apple App Store မှာ တင်ဖို့မရည်ရွယ်တဲ့အတွက် လွတ်လွတ်လပ်လပ် ရေးနိုင်တာ တစ်ပန်းသာတယ်။ ဒါပေမယ့် လက်ပျက်ကြီးဖြစ်သွားတာတော့ဆိုးမယ်ထင်တယ်နော်။ အခုတော့ iPad အလုံးရေ ၁၀၀ကျော်သွားပြီမို့ ရိုးရိုး Developer account ကနေ Enterprise Account ကိုပြောင်းလိုက်ရတယ်။ Enterprise က in-house ပဲဆိုတော့ တရားမဝင်မှန်း သိပေမယ့် ဒါနဲ့ပဲ ဆက်သွားနေသေးတယ်။ အဆင်ပြေတဲ့အထိ ဒီလိုပဲ သွားဖြစ်မယ် ထင်ပါတယ်။ နောက်တစ်ခုက Cloud Server အစအဆုံးရေးဖြစ်တယ်။ CakePHP နဲ့ BIRT ကိုသုံးပြီး data နဲ့ report တွေ သိမ်းတာ ပြတာတွေပါပဲ။ ခက်ခဲပေမယ့် ပျော်စရာ အတွေ့အကြုံပါ။ သူ့ကျေးဇူးနဲ့ Amazon EC2 server ကိုလည်း အစအဆုံး setup လုပ် manage လုပ်တတ်သွားပါတယ်။ ဘလော့မှာလည်း Ubuntu Server သုံးထားလို့ သိပ်တော့အခက်အခဲမရှိပါဘူး။

ဒီနှစ်ထဲမှာ ထူးခြားတာကတော့ စာတွေ ပိုဖတ်ဖြစ်တာပဲ။ အလုပ်နဲ့ အိမ်က အသွား ၁နာရီကျော် အပြန် ၁နာရီကျော်ဆိုတော့ အလုပ်လုပ်တဲ့နေ့တွေမှာ စာဖတ်ချိန် တစ်နေ့ ၂နာရီလောက်တော့ အနည်းဆုံးရှိတာပဲ။ ရထားကြီးဟာ ကျွန်တော့ စာဖတ်ခန်း စာကြည့်တိုက်ဖြစ်လာတော့တာပါပဲ။ ဘယ်နှစ်အုပ်ဖတ်ဖြစ်ခဲ့မှန်း မသိတော့ပါဘူး။ မှတ်မိသလောက်တော့ အောက်မှာ List လုပ်ကြည့်ထားပါတယ်။ ကြွားတာ မဟုတ်ဘူးလို့လည်း ကြိုပြောထားပါရစေ။ ဖတ်ဖူးပြီးကြောင်း မှတ်တမ်းလေးတစ်ခုပါပဲ။ ဒီနှစ်တော့ ဒီလောက်ပါပဲလေ။

J.K Rowling – The Casual Vacancy
Arnold Schwarzenegger – Total Recall
Khaled Hosseini – And the Mountains Echoed
Orson Scott Card – Ender’s Games
Robert Galbraith – The Cuckoo’s Calling
Eric Ries – The Lean Startup
Dan Brown – Inferno
Dan Brown – Digital Fortress
Guy Delisle – Burma Chronicles
Guy Delisle – Pyongyang
J. R. R. Tolkien – The Hobbit
သော်တာဆွေ – ကျနော့် ဘဝဇာတ်ကြောင်း
ရွှေဥဒေါင်း – တစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ
ဇာဂနာ – ပထမ
ဇာဂနာ – ဒုတိယ
ဂျူး – အောက်ခြေသန်းတစ်ထောင်
ဟိန်းလတ် – တရုတ်နိုင်ငံရေး သုခမိန် တိန့်ရှောင်ဖိန်
မသီတာ (စမ်းချောင်း) – ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်
မသီတာ (စမ်းချောင်း) – စမ်းချောင်း အင်းစိန် အောက်စဖို့
ကျော်ဝင်း – ကွန်မြူနစ်တို့ နေဝင်ချိန်နှင့် နေထွက်ချိန်
ဦးဗဆွေ (၀န်ကြီးချုပ်ဟောင်း) – တော်လှန်ရေး၏ မြှုပ်ကွက် ရှုပ်ကွက်များ
ရဲဘော် ဖိုးသံချောင်း – ကျောင်းသား ထောင် တော်လှန်ရေး
သုခမိန်လှိုင် – ရတနာသိုက်
ဖော်ဝေး – ဒိုင်ယာရီ
မောင်သိန်းဇော် – တောင်ကုန်းအဟောင်းတွေ
စိုင်းဝင်းမြင့် – ဘယ်သူပြောပြော ကိုယ်ပြောတယ်
စိုင်းဝင်းမြင့် – ပျော်ရွှင်ဖွယ်ရာ ကမ္ဘားးးးး
အောင်ဒင် – ရန်ကုန် ငြိမ်းချမ်းရေ ကဗျာစု (၂၀၀၀ – ၂၀၁၃)
သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ
ဝင်းမြင့် – အလွန်လှပသော ကော်ပတ်ရုတ်
လှသန်း – ကျွန်တော်ရဲ့ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ


Singapore Night

7 December, 2013 (22:15) | photo | By: စိုင်းလောဝ်ပိန်း

ဒီဇင်ဘာ ၁၃ / ဒီဇင်ဘာအပိုတွေ

6 December, 2013 (20:56) | december, Poems | By: စိုင်းလောဝ်ပိန်း

လူတိုင်းဆောင်းရာသီကိုနှစ်သက်ကြတာပဲ။
ငါကျမှ ဘာပို ထူးမလဲ
ဒီလို
ထပ်ခါထပ်ခါဒီဇင်ဘာတွေ / ဒီဇင်ဘာအပိုတွေ ညှပ်ညှပ်ထုတ်ပစ်ခဲ့
ဘ၀ရဲ့ စက်လက်မောင်းတွေ ရှည်လျားရာ
မုန်တိုင်းကမ္ဘာမှာ ဒီဇင်ဘာဟာ မပျော်ရွှင်နိုင်တော့ဘူး။

ကြာတော့
အရောင်တွေကလှလိုက်တာဆို အဖြူနဲ့အမည်း
ဒီဇင်ဘာအသစ်စက်စက်တွေလည်း ချက်ချင်းအိုဟောင်းသွား
တားမြစ်တောထဲက ရောင်စုံပန်းသီးတွေလည်း ပုတ်သိုးသွား
ဆွေးမြေ့ဟောင်းနွမ်းလှချည်ရဲ့ ဒီဇင်ဘာ ဆွေးမြေ့ဟောင်းနွမ်းလွန်းလှချည်ရဲ့…

ဆောင်းငိုတော့ နှင်း
ဒီဇင်ဘာငိုတော့ ကဗျာ
ကဗျာတွေ ငိုပြီလား ဒီဇင်ဘာ
(ကဗျာ့မျက်ရည် စာရွက်ပေါ်ကျကောင်းရဲ့လား)

ဘက်ထရီကုန်သွားတော့မယ့် ဒီဇင်ဘာ
နောက်ဆုံးအားလေး ညစ်ထုတ်ပြီး လင်းဖို့ကြိုးစား
လူကြုံပေးလိုက်တဲ့ ဒဏ်ရာတွေတောင် လွှတ်လှလာ
ရေတံခွန်တွေထဲက နှင်းစက်လေးတစ်ပွင့်သာ…

၂၅ နိုဝဘာ ၂၀၁၃ (၁ဝ၄၅ ည)


Hosting ပြောင်းခြင်း 2

8 March, 2013 (20:59) | blog, hosting, Personal | By: စိုင်းလောဝ်ပိန်း

Hosting ပြောင်းခြင်း

အရင်နေ့က hosting ပြောင်းခဲ့ကြောင်း ရေးခဲ့တယ်။ ဒီနေ့တော့ ဘာအခက်အခဲတွေတွေ့ခဲ့သလဲဆိုတာ မှတ်တမ်းတင်ထားချင်တယ်။

ထုံးစံအတိုင်း WordPress တွေ ပြောင်းကြ ရွှေ့ရပြီ ဆိုရင် database backup လုပ် ပြီးရင် အသစ် မှာ import ပြန်လုပ်ပေါ့။ ဒါက အလွန်လွယ်တယ်။ ဘာအခက်အခဲမှမရှိ။ sub domain တွေ create လုပ်တာလည်းမခက်ဘူး။

WordPress content တွေကို အဟောင်းကနေ download ချပြီးတော့ အသစ်ကို FTP နဲ့တင်မယ်လုပ်တော့ စပြီးအခက်တွေ့ပြီ။ ပြဿနာက ဟိုအရင် hosting အဟောင်းက Free ဆိုတော့ features အစုံ မရဘူး။ DNS တွေ ဘာတွေ ပြောင်းခွင့်မပေးဘူး။ အဲ့တော့ အရင်က လူလည်ကြပြီး DNSကို domain name ဝယ်ထားတဲ့ထဲကနေပြီး လျှောက်ပြောင်းထားတာ။ အလကားရတဲ့ hosting ကို point လုပ်ထားတာပေါ့။ ပြီးတော့ main domain ကိုလည်း tumblr ကို point လုပ်ထားသေးတယ်။ Name server လည်း မပြောင်းရသေးဘူး။ FTP ကို ပေးထားတဲ့ FTP.domain.com နဲ့ ဝင်တာ domain name ကို resolve လုပ်တော့ tumblr IP address ချည်းပဲ ထွက်နေတာ။ FTP ဘယ်လိုမှ ချိတ်လို့ မရဘူး။ နောက် စက္ကန့်၃၀၀ အတွင်း အကြိမ် ၂၀ login failed ဖြစ်လို့ဆိုပြီး cPanel အပိတ်ခံရလေရော။

ချက်ချင်းပဲ သူတို့ဆီကို ticket ဖွင့်ပြီး ပြောတော့ ချက်ချင်း ပြန်ဖွင့်ပေးတယ်။ အဲ့ကြ မှ IP address သတိထားမိပြီး name server တွေပြင် DNS တွေ ဖျက်ပြစ် လုပ်ရတယ်။ အဲ့ဒါလည်း FTP ဝင်မရသေးဘူး။ တစ်ခါတစ်လေ DNS propagation က အဆင်မသင့်ရင် ၂ရက်လောက်ကြာတတ်တော့ မစောင့်နိုင်ပဲလျှောက်ရှာတော့မှ cPanel ဘေးတန်းမှာပါတဲ့ shared IP ကို တွေ့တယ်။ အဲ့ဒီ IP သုံးမှ FTP ဝင်လို့ရတော့တယ်။

Blog နှစ်ခုကို upload တင်။ နောက် ဖွင့်ကြည့်တော့ ရတယ်။ main domain ကတော့ မရသေးဘူး။ tumblr ကို point လုပ်ဖို့ DNS ထပ်ပြင်ရတယ်။ ဒီhosting ရဲ့ DNS propagation က နှေးတယ်ပြောရမယ်။ အတော်စောင့်မှ tumblr ကို point လုပ်တော့တယ်။ အဲ့ဒါနဲ့ နေ့တစ်ဝက်ကုန်သွားတာပဲ။ ဒါပေမဲ့ မပြီသေးဘူး။

အိမ်အပြန်လမ်းမှာ blog တင်ချင်တာနဲ့ iPad WordPress app နဲ့ စာရေးတယ်။ blog ကို ချိတ်လို့ ရတယ်။ ရေးပြီးလို့ publish လည်းလုပ်ရော failed ဖြစ်နေတယ်။ Internet ကြောင့်ထင်လို့ အိမ်ရောက်မှ ထပ် တင်ကြည့်တယ်။ မရ။ အဲဒါနဲ့ blog သုံးခုလုံးကို ဖွင့်ကြည့်တယ်။ တစ်ခုမှတက်မလာဘူး။ ကွန်ပျူတာနဲ့ ဖွင့်ကြည့်လည်း တက်မလာဘူး။ DNS အဆင်မပြေ တာလို့ပြောတယ်။ ဒါဆို ခုဏက ဘာလို့ ရနေလဲဆိုပြီး မကျမေနပ် ထပ်ပြီး ticket ဖွင့် သူတို့ဆီ ပူညံပူညံ လုပ်တာပေါ့။

သူတို့လည်း ကူညီရှာပါတယ်။ သူတို့ဘက်မှာတော့ ဖွင့်လို့ ရသတဲ့။ အဲလို အပြန်အလှန် ရေးကြ သားကြ၊ Screenshots တွေ ပို့ကြ နဲ့၊ သူတို့ဆီက support တွေလည်း လူ ခြောက်ယောက်ထပ်မနည်း တစ်ယောက်ပြီးတစ်ယောက် ဝင်စစ်ပေးလိုက် suggest လုပ်လိုက်နဲ့ ည ၁၂ နာရီကျော်သွားတယ်။ မခံနိုင်တော့ဘူး။ မရစ်နိုင်တော့ဘူး။ အဲဒါနဲ့ မနက်ကျ မှ စစ်တော့မယ်ဆိုပြီး အိပ်လိုက်ရတော့တာပဲ။ သူတို့ကတော့ အခု အိမ်က ISP ရဲ့ DNS catch က resolve မလုပ်နိုင်တာလို့ ပြောတာပဲ။ Proxy သုံးလား ဘာလားမေးသေးတယ်။ ဘာ Proxy မှ လည်း မသုံးပါဘူး။

မနက်ကျတော့ ရုံးအသွား ဖုန်းနဲ့ ဖွင့်ကြည့်တော့လည်း တစ်ခုမှတက်မလာသေးဘူး။ နောက် ရုံးနားနီးလာလို့ ထပ်ဖွင့်ကြည့်တော့ တက်လာပြီ။ နှေးနေသေးတယ်။ ရုံးက ကွန်ပျူတာနဲ့ဖွင့်ကြည့်တော့ blog နှစ်ခု က အဆင်ပြေပြေ ပွင့်လာတယ်။ တစ်ခုက Server not found တဲ့။ အဲဒါနဲ့ အခြားကွန်ပျူတာနဲ့ ဖွင့်ကြည့်တော့ ခုနက ဖွင့်မရတဲ့ blog က အဆင်ပြေ ပြေ ပွင့်လာပြီး ဟိုဘက် ကွန်ပျူတာမှာ ရနေတဲ့ blog နှစ်က Server not found ဖြစ်နေပြန်ရော။ ဖုန်းနဲ့ ထပ်ဖွင့်ကြည့်တော့ ၃ခုလုံး အဆင်ပြေနေတယ်။ နဲနဲစိတ်ရှုတ်သွားတော့ Hosting company ကို အဲလို အဲ့လိုတွေ ဖြစ်နေတယ်။ ငါတော့ hosting ပြောင်းမှ ထင်တယ်လို့ ပြောလိုက်တော့ သူတို့က Fully Refund ပေးပါ့မယ်တဲ့။ အဲ့တော့လည်း နေပါဦး ငါ Refund မယူသေးပါဘူး။ DNS propagation ကြောင့်နေမှာပါ။ နောက်ထပ် ၂ရက် ၃ရက်စောင့်ကြည့်လိုက်ပါဦးမယ်။ အဲ့ကြ မှ အဆင်မပြေ ရင် ပြောင်းမယ်လို့ ပြောပြီး အလုပ်ဆက်လုပ်နေလိုက်တော့တယ်။

ခဏနေကြတော့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို Online ပေါ်မှာတွေ့တာနဲ့ အကူအညီတောင်းပြီး ဖွင့်ကြည့်ခိုင်းတော့ ၃ခုလုံး အဆင်ပေပြါတယ်တဲ့။ ဒါပေမယ့် ဒီဘက်မှာတော့ တစ်ခုတက်လိုက် တစ်ခုကလြိုက်နဲ့ ဖြစ်တုန်း။ နေ့လည်ပိုင်းလောက် ထပ်စမ်းကြည့်တော့ လည်း ဖြစ်နေတုန်းပဲ။ ညနေပိုင်းလောက်မှ ကွန်ပျူတာနှစ်ခုလုံးမှာ အဆင်ပြေ သွားတယ်။ ဖုန်းမှာလည်း အဆင်ပြေ သွားတယ်။ Post လည်းအသစ်တင်လို့ရသွားတာနဲ့ မနေ့က Hosint ပြောင်းခြင်းဆိုတာတောင် တင်လိုက်သေးတယ်။

အခုတော့ အားလုံးအဆင်ပြေ သွားပြီပေါ့။ :) အဲ့ဒီည ၁၁ နာရီလောက်ကြီး hosting company က support တစ်ယောက် email ပို့ပြီး မေးလာသေးတယ်။ အခြေ အနေဘယ်လိုလဲပေါ့။ လောလောဆယ်တော့ သူ့ဆီ ဘာမှ မပြန်ဖြစ်သေးဘူး။ ခုနနေမှာ အားလုံးအဆင်ပြေပြီဖြစ်ကြောင်း စာပြန်လိုက်ပါဦးမယ်။